Apple ၏ Macintosh ကွန်ပျူတာများကို သုံးစွဲသူများသည် ransomware ဟုလူသိများသော တိုက်ခိုက်မှုတစ်ရပ်နှင့် ပထမဦးဆုံး ကြုံတွေ့ခဲ့ရကြောင်း Palo Alto Networks မှ သုတေသီများက ပြောကြားသည်။
ဆိုက်ဘာခြိမ်းခြောက်မှုများအနက် အလျင်အမြန်ကြီးထွားလာသည့် တိုက်ခိုက်မှုတစ်ခုဖြစ်သော ransomware သည် တိုက်ခိုက်ခံရသည့် ကွန်ပျူတာများမှ အချက်အလက်များကို encrypt ပြုလုပ်ပြီးနောက် အချက်အလက်များ ပြန်လည်ရယူရာတွင်လိုအပ်သည့် electronic key တစ်ခုရရှိရန် ခြေရာခံရခက်ခဲသော ဒီဂျစ်တယ်ငွေကြေးများကို သုံးစွဲသူထံမှ တောင်းဆိုသည့် တိုက်ခိုက်မှုဖြစ်သည်။
လုံခြုံရေးပညာရှင်များ၏အဆိုအရ ဆိုက်ဘာဒုစရိုက်သမားများသည် ransomware တိုက်ခိုက်မှုမှ တစ်နှစ်လျှင် ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေကြပြီး ပုံမှန်အားဖြင့် Microsoft ၏ Windows operating system သုံးစွဲသူများထံ ပစ်မှတ်ထား တိုက်ခိုက်ကြောင်း သိရသည်။
Palo Alto Threat Intelligence ဒါရိုက်တာ ရိုင်ယန်အောလ်ဆန်က KeRanger ဟုခေါ်သော malware ကို သောကြာနေ့က တွေ့ရှိခဲ့ရပြီး ၎င်းသည် Apple ၏ Mac ကွန်ပျူတာများကို တိုက်ခိုက်သည့် ပထမဦးဆုံး ransomware ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ Mac သုံးစွဲသူတွေရဲ့ ဖိုင်တွေကို encrypt ပြုလုပ်ပြီး ငွေကြေးတောင်းဆိုတဲ့ ပထမဆုံး တိုက်ခိုက်မှုပါ" ဟု အောလ်ဆန်က ပြောကြားသည်။
ဟက်ကာများသည် BitTorrent peer-to-peer file sharing network မှတစ်ဆင့် အချက်အလက်များကို လွှဲပြောင်းရာတွင် အသုံးပြုသော Transmission ဟုလူသိများသည့် နာမည်ကျော် ပရိုဂရမ်တစ်ခုကို ပုံတူပြုလုပ်ကာ Mac များထံ ransomware များ ကူးစက်ပျံ့နှံ့စေခဲ့ကြောင်း Palo Alto မှဖော်ပြခဲ့သည်။
သုံးစွဲသူများသည် သောကြာနေ့က ဖြန့်ချိခဲ့သော Transmission ၏ version 2.90 ကို download ပြုလုပ်လိုက်သည့်အခါတွင် ransomware ကူးစက်ခံရမည်ဖြစ်ကြောင်း Palo Alto ဘလော့ဂ်တွင် ဖော်ပြခဲ့သည်။
Apple မှ တာဝန်ရှိသူတစ်ဦးကမူ ကုမ္ပဏီအနေဖြင့် ransomware ကူးစက်မှုကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Transmission ကမူ ၎င်း၏ဝက်ဘ်ဆိုက်ဖြစ်သော www.transmissionbt.com မှ အန္တရာယ်ရှိသောဆော့ဖ်ဝဲကို ဖယ်ရှားခဲ့ကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုမ္ပဏီမှ ဖြန့်ချိခဲ့သော ဗားရှင်းက ကူးစက်ခံရသော Mac များရှိ ransomware ကို အလိုအလျောက် ဖယ်ရှားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Transmission သုံးစွဲသူများအနေဖြင့် ကွန်ပျူတာတွင် ransomware ကူးစက်ခံရသည်ဟု သံသယရှိပါက update သစ်ဖြစ်သော version 2.92 ကို အလျင်အမြန် install ပြုလုပ်သင့်ကြောင့် အကြံပြုထားသည်။
KeRanger သည် ကွန်ပျူတာတစ်လုံးတွင် ကူးစက်ခံရသည်အခါ သုံးရက်အတွင်း တိတ်ဆိတ်စွာနေလေ့ရှိပြီးနောက် တိုက်ခိုက်သူ၏ ဆာဗာနှင့် ချိတ်ဆက်ကာ သုံးစွဲသူများအသုံးမပြုနိုင်ရန် ဖိုင်များကို encrypt စတင်ပြုလုပ်ကြောင်း၊ encrypt လုပ်ငန်းစဉ် ပြီးဆုံးသည့်အခါတွင် KeRanger က 1 bitcoin သို့မဟုတ် ဒေါ်လာ ၄၀၀ ခန့်တောင်းဆိုကြောင်း Palo Alto မှ ရှင်းပြခဲ့သည်။
Ref: Reuters
credit- internetjournal
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!