Facebook က သူ၏ လူမှုကွန်ရက် စနစ်တွင် လုံခြုံရေးအားနည်းချက်များကိုရှာဖွေဖော်ထုတ်ပေးလျှင် ဆုငွေ ချီးမြှင့်သည့် Bug Bounty အစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ အိန္ဒိယကအဆိုပါ အစီအစဉ်တွင် နိုင်ငံပေါင်း ၁၂၇ နိုင်ငံအနက် ဆုငွေ အများဆုံးရရှိထားပါသည်။ ထို့အပြင် လုံခြုံရေးသုတေသနပညာရှင် ၂၀၅ ဦးရှိပြီး နိုင်ငံအားလုံးတွင် အများဆုံးဖြစ်ပါသည်။ ရရှိထားသည့် ဆုကြေးငွေမှာ ၄၈.၄ သန်း ဖြစ်ပါသည်။
အဆိုပါ ကိန်းဂဏန်းများကို Facebook Bug Bounty စတင် ပြုလုပ်ပေးသည့် ၂၀၁၁ ခုနှစ်မှ စတင်၍ တွက်ချက်ထားခြင်းဖြစ်ပါသည်။ အစီအစဉ်တွင် Facebook, Instagram , Free Basics , Oculus , Onavoတို့မှ လုံခြုံရေးအားနည်းချက်များကိုရှာဖွေပေးရန်အတွက် White Hacker များကိုဖိတ်ခေါ်ထားခြင်းဖြစ်ပါသည်။
၂၀၁၅ ခုနှစ်တွင် ၁၂၇ နိုင်ငံမှ ပညာရှင်ပေါင်း ၅၅၄၃ ဦး၏ လုံခြုံရေးအားနည်းချက်ရှိသည်ဟုအဆိုပြုမှုပေါင်း ၁၃ ၂၃၃ ခုကိုလက်ခံရရှိခဲ့ပါသည်။ Facebook က ၅၂၆ ခုကို မူဝါဒနှင့် ကိုက်ညီသည်ဟုလက်ခံခဲ့ပြီးဆုငွေ ဒေါ်လာ ၉၃၆ ၀၀၀ ချီးမြှင့်ခဲ့ပါသည်။
“ နှစ်တိုင်းအိန္ဒိယကနေ အန္တရာယ်အရှိဆုံး Bugs များကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာအိန္ဒိယအင်ဂျင်နီယာကျောင်းများနဲ့ ဆိုက်ဘာလုံခြုံရေးနည်းပညာများရဲ့ စွမ်းရည်မြင့်မားမှုကို ပြသနေတာပါ။ “ ဟု Bug Bounty ဌာနမှ နည်းပညာမန်နေဂျာဖြစ်သူ Adam Rudderman က ပြောပါသည်။