ရိုမေးနီးယား ATM ဟက်ကာတစ်ဦးသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘူခါရတ်အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ၎င်းသည် malware အသုံးပြု၍ ATM စက်များမှ အမေရိကန်ဒေါ်လာ ၂၁၇,၀၀၀ ကို ခိုးယူခဲ့သောကြောင့် နိုင်ငံတကာဆိုက်ဘာမှုခင်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။
အသက် ၃၄ နှစ်အရွယ်ရှိ ရီနာတိုမာရီးယပ်စ်တူလီဟု အမည်ရသော ATM ဟက်ကာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်၌ ပြုလုပ်ခဲ့သည့် Europol, Eurojust နှင့် DIICOT အဖွဲ့တို့ ပူးပေါင်းစုံစမ်းမှုတွင် သံသယရှိသူ ၇ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။ ထို့နောက် ရိုမေးနီးယားနိုင်ငံ ဘူခါရတ်မြို့ရှိ ရဲနယ်မြေအမှတ် ၁၉ တွင် ထိန်းသိမ်းထားခဲ့သည်။
တူလီသည် NCR အခြေစိုက် ATM စက်များမှ ငွေကြေးများ အဓိကခိုးယူနေသည့် ရာဇဝတ်မှု ကျူးလွန်သည့်ဂိုဏ်း၌ ပါဝင်နေသည်။ ထိုဂိုဏ်းသည် Tyupkin ဟု အမည်ရသော malware ကိုအသုံးပြု၍ Jackpotting တိုက်ခိုက်မှုဟု အမည်ရသည့် နည်းလမ်းကို အသုံးပြုကာ ဥရောပတစ်လွှားရှိ ATM သန်းပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်အာဏာပိုင်က ထုတ်ပြန်ခဲ့သည်။
Tyupkin malware အသုံးပြုသူ ရာဇဝတ်ကျူးလွန်သူများသည် ATM ၏ pin pad မှတစ်ဆင့် command များပေးပြီး ငွေကြေးများစွာကို ထုတ်ယူခဲ့သည်။
ပြီးခဲ့သည့်တနင်္လာနေ့က တူလီသည် အသက် ၃၈ နှစ်အရွယ်ရှိ ဖောက်ထွင်းမှုဖြင့် စွဲချက်တင်ခံရသူ ဂရိုစီဂိုစတဲနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နေ့လည်အားလပ်ချိန်တွင် အခြားအကျဉ်းသားများနှင့်အတူရှိနေစဉ် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ရဲများက ဂိုစတဲကို ပြန်လည်ဖမ်းမိခဲ့သော်လည်း တူလီမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။
ATM ဟက်ကာနှင့် ဖောက်ထွင်းမှု ကျူးလွန်ခဲ့သူသည် ရဲနယ်မြေ၏ ခြံစည်းရိုးကို အပေါက်ဖောက်ပြီး စောင့်ကြည့်နေသော ရဲနှစ်ဦး သတိမပြုမိခင် ခြံစည်းရိုးပြင်ပသို့ ခုန်ချ၍ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ထွက်ပြေးချိန်တွင် တာဝန်ကျသော ရဲနှစ်ဦးမှာ ပေါ့ဆမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။
တူလီနှင့် ၎င်း၏ဒုစရိုက်အဖွဲ့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ရိုမေးနီးယား၊ ဟန်ဂေရီ၊ စပိန်၊ ချက်နှင့် ရုရှားအပါအဝင် နိုင်ငံအများအပြားရှိ ATM စက်များကို တိုက်ခိုက်ခဲ့ကြသည်။
ATM စက်များကို တိုက်ခိုက်စဉ်အသုံးပြုခဲ့သော Tyupkin malware ကို မကြာသေးမီက အဆင့်မြှင့်တင်ခဲ့ပြီး ၎င်းကို ယခုအခါ GreenDispenser ဟုခေါ်ဆိုကာ မက္ကဆီကိုရှိ ATM များထံ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရသည်။
Ref: TheHackerNews
စိုးထက်(အင်တာနက်ဂျာနယ်)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!