မှောင်မိုက်တဲ့ ညတစ်ညမှာ မိုက်ကယ်တစ်ယောက် ထူးဆန်းတဲ့အိမ်မက်တစ်ခုကို မက်ပါတယ်။ အိမ်မက်ဟာ ရုတ်တရက်ဆိုရင်တော့ အင်မတန်ကို ထိတ်လန့်ဖွယ်ကောင်းပါတယ်။ အိမ်မက်ထဲမှာ သူဟာ သေဆုံးသွားပါတယ်။ သေဆုံးပြီးတဲ့နောက်ပိုင်းမှာတော့ ခန်းမကြီးတစ်ခုထဲကို ရောက်သွားတယ်။.ခန်းမကြီးရဲ့ အလယ်တည့်တည့်မှာ စားပွဲရှည်ကြီးတစ်ခုရှိတယ်။ အဲဒီ့ စားပွဲရှည်ကြီးပေါ်မှာတော့ အရသာရှိမယ့် စားသောက်ဖွယ်ရာတွေ အပြည့်ပေါ့။ စားပွဲပတ်ပတ်လည်မှာတော့ လူတစ်ချို့ဟာ ထိုင်ခုံကိုယ်စီနဲ့ပေါ့။ အဲဒီ့မှာ ထူးဆန်းတာတစ်ခုက ထိုင်ခုံတွေကို စားပွဲနဲ့ ငါးပေလောက်အကွာမှာ ထားထားတာပါ။ ဒီတော့ ထိုင်ခုံပေါ်ကလူတွေကလည်း စားပွဲပေါ်က စားသောက်ဖွယ်ရာတွေကို လက်လှမ်းလို့မမှီနိုင်ဘူး ဖြစ်နေတာပေါ့။ သတိထားပြီးကြည့်မိတော့ အဲဒီ့မှာ ငါးပေအရှည်လောက်ရှိတဲ့ ဇွန်းရှည်ကြီးတစ်ချောင်းရှိတယ်။ ဒီဇွန်းနဲ့ဆိုရင်တော့ စားစရာတွေကို မှီကောင်းမှီနိုင်တာပေါ့။.အဲဒီ့မှာ ပြသနာက စားပွဲဘေးမှာရှိနေတဲ့ လူတွေဟာ ဒီဇွန်းရှည်ကြီးကို လုနေကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်နေကြတယ်။ ရန်ဖြစ်နေကြတယ်။ လုယက်နေကြတယ်။ စားပွဲပေါ်က စားစရာတွေကို စားချင်ကြရှာတာကိုး။ ဒီလို တစ်ယောက်နဲ့တစ်ယောက် မတည့်တာနဲ့ဘဲ ဘယ်သူကမှ စားစရာတွေကို စားလို့မရဘူး ဖြစ်နေတော့တာပေါ့။ ဒီအချိန်မှာပဲ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ လူကြီးတစ်ယောက်က မိုက်ကယ်အနားကို ရောက်လာတယ်။ "လူလေး.. ဒါဟာ ငရဲဘုံလို့ခေါ်တယ်။ နေဦး ငါမင်းကို နောက်တစ်ခန်းပြမယ်" လို့ဆိုပြီး သူ့ဘေးနားက အခန်းကို ခေါ်သွားပါတယ်။.ဒီအခန်းကိုရောက်တဲ့အခါမှာတော့ အပြင်အဆင်တွေဟာ ခုနကအခန်းနဲ့ ဘာမှသိပ်မကွာပါဘူး။ ခန်းမကြီးအလယ်မှာ စားပွဲရှည်ကြီးတစ်ခုရှိပြီး အဲဒီ့စားပွဲပေါ်မှာ စားသောက်ဖွယ်ရာတွေ အပြည့်နဲ့ပေါ့။ ကုလားထိုင်တွေဟာလည်း စားပွဲနဲ့ ငါးပေလောက်အကွာမှာရှိနေပြီး ထိုင်နေတဲ့ လူတွေကလည်း ရှိတယ်ပေါ့။ ဒါပေမယ့် အကြီးမားဆုံး ကွာခြားချက်တစ်ခုကတော့ ဒီအခန်းထဲမှာရှိနေတဲ့သူတွေက ရန်ဖြစ်မနေပါဘူး။ ငြင်းခုန်မနေပါဘူး။ .စားပွဲထိပ်မှာထိုင်နေတဲ့သူတစ်ယောက်က ငါးပေလောက်ရှည်တဲ့ ဇွန်းတစ်ချောင်းကိုကိုင်ပြီး အစားအသောက်တွေကို ယူပေးပါတယ်။ ပြီးတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လက်ဆင့်ကမ်းနေပါတယ်။ သူတို့အားလုံးမှာ ငြိမ်းချမ်းနေကြတယ်။ ပျော်ရွှင်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မျှဝေနေကြပါတယ်။ အားလုံးလည်း အစားအသောက်တွေကို စားရပါတယ်။ "လူလေး.. ဒါကတော့ ချမ်းသာဘုံလို့ခေါ်တယ်။".လူ့အသိုင်းအဝိုင်းမှာ တစ်ယောက်တည်း ကောင်းလို့မရပါဘူး။ အားလုံး လက်တွဲပြီး ကောင်းအောင် ကြိုးပမ်းကြရမှာပါ။ ဘယ်လိုတုံပြန်ကြသလဲဆိုတာပေါ် မူတည်ပြီးတော့ဘဲ ချမ်းသာဘုံနဲ့ ငရဲဘုံဆိုတာ ကွဲပြားသွားတာပါ။ ကျွန်တော်တို့အားလုံး ချမ်းသာဘုံမှာနေမလား။ ငရဲ ဘုံမှာနေမလားဆိုတာ ကိုယ်တိုင်ရွေးချယ်ခွင့် ရှိကြပါတယ်။_____________ref- ရွှေညာမောင် (Focus Youth E-magazine)(ဘာသာပြန်)
ညီလတ်ထွန်း(ဘီအမ်း)
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!